ကံအကြောင်း = ကံဟူသည် ပါဠိဘာသာ ကမ္မမှ ဖြစ်လာသော ပါဠိသက်
မြန်မာဝေါဟာရဖြစ်သည်။ ပြုလုပ်ခြင်းဟု အဓိပ္ပါယ်ရသည်။ ထိုပြုလုပ်ခြင်းဟူသောကံသည်
ကိုယ်ဖြင့်ပြုလုပ်ခြင်း ကာယကံ ၊ နှုတ်ဖြင့် ပြောဆိုခြင်း ၀စီကံ ၊
စိတ်ဖြင့်ကြံစည်ခြင်း မနောကံ ဟူ၍ သုံးမျိုး ရှိသည်။ ထိုသုံးမျိုးသည် စေတနာ
အရင်းခံ၍ ဖြစ်ပေါ်လာရသောကြောင့် စေတနာကို ကံဟုခေါ်သည်။ လောက၌ သတ္တ၀ါ အားလုံးတို့အား
ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဖြစ်သည်။ ကံသာလျှင် အမွေခံဖြစ်သည်။ ကံသာလျှင် ဆွေမျိုး
ဖြစ်သည်။ ကံသာလျှင် မိတ်ဆွေဖြစ်သည်။ ကံသာလျှင် ကိုးကွယ်အားထားရာဖြစ်သည်။ ကံသာလျှင်
သတ္တ၀ါအားလုံးတို့ကို အယုတ် အလတ် အမြတ် စသည်ထူးခြားကွဲပြားအောင် စီမံဖန်တီး
ပေးထားသည်။
ကံ၏
အစွမ်းသတ္တိ = ကံသည် ကမ္ဘာကြီး၌
ရှိသောသတ္တ၀ါတို့တွင် အချို့သူတို့အား မင်း မူးမတ် ဖြစ်စေသည် ၊ အချို့သူတို့အား
သူဋ္ဌေး သူကြွယ် ဖြစ်စေ၏။ အချို့သူတို့အား လူမွဲ လူဆင်းရဲ ဖြစ်စေ၏ ။ အချို့သူတို့အား
အနာရောဂါ နည်းစေ၏ ။ အချို့သူတို့အား အနာရောဂါများစေ၏ ။ အချို့သူတို့အား နား၊ နှာ၊
ခြေ ၊မျက်စိ စသောအင်္ဂါကြီးငယ် ပြည့်စုံစေ၏ ။ အချို့သူတို့အား နား နှာ ခြေ မျက်စိ
စသော အင်္ဂါကြီးငယ် ချို့တဲ့စေ၏ ။ အချို့သူတို့အား အလွန်လှပ တင့်တယ်ခြင်း တန်ခိုး
အာဏာကြီးမာခြင်း အသိအလိမ္မာ ဥာဏ်ပညာ ကြီးမားခြင်း အသက်ရှည်ခြင်း အမျိုးမြတ်ခြင်း
စသော ဂုဏ်ထူးများနှင့် ပြည့်စုံစေ၏ ။ အချို့သူတို့အား အဆင်းအရောင် မလှမပ
မတင့်တယ်ခြင်း တန်ခိုးအာဏာနည်းပါးခြင်း အသက်တိုခြင်း စသော အယုတ်တရားတို့နှင့်
ပြည့်စုံစေရန် ဖန်တီး နိုင်စွမ်း ရှိသည်။
ကုသိုလ်ကံ
= ကုသိုလ်ကံ ဆိုသည်မှာ အပြစ်မရှိခြင်း
ကောင်းသောအကျိုးကို ပေးခြင်း သဘောရှိ၏။ ကုသိုလ် ကောင်မှု ပြုလုပ်နေချိန်၌ လောဘ ဒေါသ
မာန ဣဿာ မစ္ဆေရ စသော စိတ်၏ အညစ်အကြေးအပြစ် အနာအဆာများ မရှိသဖြင့် အပြစ်မရှိဟု
ဆိုလိုသည်။ ကုသိုလ်ကောင်းမှု ပြုနေသောသူသည် ကောင်းသောအမှုကို ပြုနေရသည့်အတွက်
ဤဘ၀၌လည်း ၀မ်းသာရွှင်ပြ ချမ်းသာရ၏ ။တမလွန် ဘ၀၌လည်း ကောင်းသောအကျိုးကို
ခံစားရသောကြောင့် ၀မ်းသာရွှင်ပြ ချမ်းသာရ၏ ။ ထိုကုသိုလ်ကံသည် ကာယကံ ကုသိုလ်၊ ၀စီကံ
ကုသိုလ် ၊ မနောကံ ကုသိုလ် ဟူ၍ သုံးမျိုး ရှိသည်။
အကုသိုလ်ကံ = အကုသိုလ်ကံဆိုသည်မှာ အပြစ်ရှိခြင်း မကောင်းသောအကျိုးကို
ပေးခြင်း သဘောရှိသည်။ မကောင်းမှု ပြုသောသူသည် မကောင်းမှုပြုသည့်အတွက် ဤဘ၀၌လည်း
ဆင်းရဲ ဒုက္ခ အမျိုးမျိုး ရရှိ ခံစားရသည်။ တမလွန်ဘ၀၌လည်း ငရဲကျခြင်း စသော
မကောင်းကျိုးများ ခံစား ရသည်။ ထိုအကုသိုလ်ကံလည်း ကာယကံ အကုသိုလ်၊ ၀စီကံအကုသိုလ်၊
မနောကံ အကုသိုလ်ဟူ၍ သုံးမျိုး ရှိသည်။ သတ္တ၀ါတို့သည် မိမိတို့ပြုလုပ်သော
ထိုကောင်းကံ ဆိုးကံအရ သာ ခံကြရ စံကြရသည်။ ထိုကံအကျိုးပေးမှုကို
တစ်မျိုးတစ်မည်ဖြစ်အောင် မည်သည့်တန်ခိုးရှင်ကမှ ပြုပြင် ပြောင်းလွဲ၍ ဖယ်ရှား
ခုခံနိုင်ခြင်းမရှိ မလွဲမသွေ ဧကန်မုချဖြစ်တတ်သော သဘောရှိ၍ နိယာမ တရားဟုခေါ်သည်။
ကံစီမံသလို
ဖြစ်ကြရ =လောက၌ လူတွေသာမက
အခြားသတ္တ၀ါအားလုံးတို့အား မိမိပြုမိသော ကာယကံ၊ မိမိပြုမိသော ၀စီကံ၊ မိမိပြုမိသော
မနောကံတို့သည် ကောင်းကံဖြစ်က ကောင်းကျိုးကို ပြန် ၍ စံစားရသည်။ ဆိုးကံဖြစ်က
ဆိုးကျိုးကို ပြန်၍ ခံကြရသည်။ထိုကံတို့သည် အရိပ်ပမာ အမြဲလိုက် နေ ကြသည်
ကမ္ဘာပေါ်တွင် အချို့ကံနှင့် ကံ၏ အကျိုးကို မယုံကြည်သော သန်းကြွယ်သူဌေးများကို
တွေ့ဘူးကြားဘူး ကြပါလိမ့်မည်။ ဤဘက်ဘ၀တွင် ကံနှင့်ကံ၏အကျိုးကို မယုံကြည်သူ ဖြစ်သော်
လည်း ထိုသူတွင် ဤဘ၀ ရှေးဘ၀များတွင် ဒုက္ခသည် စသည်တို့ကို အလှူငွေ ပေးလှူခြင်း
သား မယား ဆွေမျိုးများကို ကူညီကျွေးမွေးခြင်း အသင်းအဖွဲ့များတို့၌လည်း
စေတနာထက်သန်စွာဖြင့် ကူညီ လှူဒါန်းပေလိမ့်မည် ။ ထိုလှူခြင်း ပေးခြင်း
ကူညီခြင်းကြောင့် ပစ္စည်းဥစ္စာများ ကြွယ်ဝနိုင်သော အကျိုး ကို ရနိုင်၏။ လူ့အသက်
သတ်ခြင်းစသော ငါးပါးသီလပိုင်းတွင် ပင်ကိုယ် စိတ်ဓာတ်အားဖြင့် မသတ် ခြင်း
မခိုးခြင်းများ ထိုသူ၏သန္တာန်၌ ကိန်းနေခဲ့သော် လူ့ဘ၀သို့ ရောက်နိုင်ပြီး
အသက်ရှည် နိုင်သည်။ အနာရောဂါ ကင်းနိုင်သည်။ ကြီးပွား ချမ်းသာနိုင်သည်ကို သိရပေမည်။
လူအများစုတွင် ယခုဘ၀၌ မကောင်းမှုများကို ရှောင်ကြဉ်ပြီး
ကောင်းမှုတွေကြီးလုပ်ဆောင်နေကြသူများ၌ အနာရောဂါထူပြော
နေခြင်းအခြားမကောင်းသောဖြစ်ရပ်များဖြစ်ပေါ်နေကြရသည်ကိုတွေ့ကြပါလိမ့်မည်။ထိုသူတို့၌
ယခု ဘ၀ပြုလုပ်သော ကောင်းမှုများ၏ အကျိုးများက ပေးခွင့်မရကြသေးဘဲ နောက်ဘ၀က
ပြုမိခဲ့သော မကောင်းမှုများက လိုက်လံ အကျိုးပေးနေသဖြင့် ဤကဲ့သို့ ဆိုကျိုးတွေကို
ခံရသည်ဟု မှတ်ပါ။ အချို့ ယခုဘ၀တွင် ကောင်းမှု အပြုနည်းပြီး မကောင်းမှုကြီး
ပြုလုပ်နေကြသူများ၌ စီးပွားဥစ္စာတွေ တိုးတက် နေကြသည်ကို တွေ့ကြရပါလိမ့်မည်။ ယခုဘဝ
မကောင်းမှုများ၏ မကောင်းကျိုးများက ထိုသူအား အကျိုးပေးခွင့် မရသေးဘဲ နောက်ဘ၀က
သူပြုခဲ့သော ကောင်းကျိုးများက လိုက်လံ အကျိုးပေး နေ
ခြင်းကြောင့်ဖြစ်သည်။
ဓမ္မပဒပါပ၀ဂ်အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထုတွင်
ပါပေါတိ ပဿတိ ဘဒြံ ၊ ယာဝ ပါပံ နပစ္စတိ။
ယဒါစ ပစ္စတိ ပါပံ ၊ အထ ပါပေါ ပါပါနိ
ပဿတိ။
ဘဒြောပိ ပဿတိ ပါပံ ၊ ယာဝ
ဘဒြံ နပစ္စတိ။
ယဒါစ ပစ္စတိ ဘဒြံ ၊ အထ ဘဒြော ဘဒြာနိ
ပဿတိ။
ဟူ၍ ဟောတော်မူထားပေသည်။
ကံတို့သည်
ကုသိုလ်ကံ အကုသိုလ်ကံ နှစ်မျိုးလုံး တစ်ပြိုင်နက် အကျိုးမပေးနိုင်ပါ။
တစ်မျိုးစီတစ် လှည့်စီသာ အကျိုးပေးကြသည်။စိတ်၏ သဘောတရားသည် တစ်ပြိုင်နက်
စိတ်နှစ်ခု မဖြစ်နိုင်ခြင်း ကြောင့်ပင်ဖြစ်သည်။
ကောင်းတာတွေချည်းလုပ်နေငြားသော်လည်း
မကောင်းတာတွေချည်းသာ ဖြစ်ပေါ်နေခြင်း မကောင်း တာတွေချည်း လုပ်နေငြားသော်လည်း
ကောင်းတာတွေချည်းသာ ဖြစ်ပေါ်နေခြင်းတို့အတွက် ဖြေဆို ထားသည့် တရားဒေသနာတော်
ဖြစ်သည်။
ကံ၏
ဆန်းကြယ်ပုံကို သုဘလုလင်ကမေး၍ မြတ်စွာဘုရားရှင်က ဖြေဆိုထားသည့် ဒေသနာသည် ဥပရိပဏ္ဏာသ
ပါဠိတော် စူဠကမ္မ၀ိဘင်္ဂသုတ်တွင် ပါရှိပေသည်။ ထိုစူဠကမ္မ၀ိဘင်္ဂသုတ် ( ကံကို ဝေ ဘန်ပြသော
သုတ္တန်အငယ်စား)၏ဒေသနာ အနှစ်ကို မဃဒေ၀လင်္ကာရေးသည့် မာန်လည် ဆရာတော် ဘုရားကြီးက
“
မြတ်ယုတ် မျိုးနွယ် ၊ ကြီးငယ်ဂုဏ်သိရ် ၊ နာဖျားကင်းထူ ၊ သက်ဟူရှည်တို ၊
ရုပ်ကိုယ်ရူပ ၊လှ မလှက၊ ဥာဏရှိ မဲ့ ၊ လွန်ထင်ခဲ့သား ၊ တစ်ဆယ့်လေးဖြာ ၊ ဤခြင်းရာကား
၊ ဗြဟ္မာ ဗိဿနိုး နတ် အမျိုး တို့ ၊ တန်ခိုးဖန်ဆင်း မဟူလျှင်းတည်း၊ ခပင်းသတ္တ၀ါ
ကံဖြင့်သာလျှင် နာနာကာရ ဖြစ်ကုန်ကြ၏။” (မဃဒေ၀ လင်္ကာ ပုဒ်ရေ (၄၁၄)
အန္ဓဗာလ
၊ လူထိုမျှတို့၊ ကမ္မ ၀ီရိယ ၊ မယုံကြဘူး ၊ သီဝမဟေ ပရမေသွာ ၊ဗြဟ္မာဗိဿနိုး ၊
ကမ္ဘာစိုးနှင့် တန်ခိုးကြီးမား ၊ နတ်ဘုရားတို့ ၊ ပေးစားဖန်ဆင်း ၊ ဖြစ်တုံလျှင်းဟု၊
ချွတ်ရွင်းသမှု ၊ အမှားရှုသည်၊ တောင်သူ့ ယူလေ့ယူလာတည်း။
( မဃဒေ၀ ပုဒ်ရေ ( ၂၄၅ )
ဦးသာသန
လောကနန္ဒာကျောင်း ပုဂံမြို့သစ် ၊
ကံအကြောင်း
မေးမြန်းလာသူ ဒကာတော် မောင်ရဲဝင်းအောင် သို့